Saturday, January 28, 2017

ကွန်​ဖြူးရှပ်​ အဆိုမိန့်​များ

လိုက်နာသင့်တဲ့နည်း ၁၀ ချက်
°°°°°°°°°°°°°°°°°°°°°°°°°°

၁။မင်းခြေလှမ်းတွေဘယ်လောက်နှေးကွေးနေတယ်ဆိုတာကအရေးမကြီးဘူး။ အရေးကြီးတာ မင်းဆက် လျှောက်နေဖို့ပဲ။ (ကွန်ဖြူးရှပ်)

ပန်းတိုင်းရောက်ဖို့ဆိုတာ ခြေတစ်လှမ်းက စရတာပါ။ ဘယ်အချိန်ပဲရောက်ရောက် ရောက်အောင်သွား နိုင်တယ်ဆို တော်လို့ပေါ့။ အစလေးပဲ ပျိုးလိုက်ပါ ဆက်လျှောက်ဖို့က သိပ်မခက်ခဲလှပါဘူး။ ဖြည်းဖြည်းချင်းပဲလျှောက်၊ ရပ်မနေနဲ့ ဘယ်သူတွေကျော်တတ် ကျော်တတ် စိတ်မပျက်နဲ့။ သူ့တို့လည်း ပန်းတိုင်ရောက်သွား သလို ကိုယ်လည်း တစ်နေ့ ရောက်ကို ရောက်ရမယ် ဆိုတဲ့ စိတ်ကလေး မွေးထားမယ်ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်တိုင်းက အဓိပ္ပါယ်ရှိရှိ ကျေနပ်မိနေမယ်ဆိုတာ မလွဲပါဘူး…။

၂။မင်းလောက်တောင်မတော်တဲ့ လူတစ်ယောက်ထက်
မင်းထက်သာနေတဲ့လူတွေနဲ့ ပေါင်းသင်းနိုင် အောင်ကြိုးစား။ (ကွန်ဖြူးရှပ်)

ကိုယ့်လောက်မှ မတော်တဲ့သူနဲ့ ပေါင်းနေရင် ကိုယ့်အရည်အချင်းလည်း ဒီထက်တိုးတက်လာစရာ အကြောင်းဘယ်ရှိမလဲ။ အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတဆိုတာ ကိုယ့်ထက်သာလွန်သူတွေဆီကပဲ ဆင့်ပွားသင်ယူလို့ရတာလေ။ မရှက် ပါနဲ့၊ မကြောက်ပါနဲ့။ မသိမတတ်တာကို သိသလို တက်သလိုလည်း ဆရာကြီးစတိုင် မလုပ်ပါနဲ့။ သိခဲ့တတ်ခဲ့ရင်လည်း မမောက်မာ မမော်ကြွားပါနဲ့။ လူတိုင်းမှာ မတူညီတဲ့ အစွမ်းအစ ကိုယ်စီရှိပါတယ်။ ကိုယ့်ထက်တော်တဲ့၊ တတ်တဲ့သူတွေကို မြင်အောင်ကြည့် ရအောင်ယူတက်ဖို့ပဲ လိုပါတယ်။ ကိုယ့်လောက်မှ အရည်အချင်း မရှိတဲ့သူတွေနဲ့ နေပါများရင်တော့ ကိုယ်မှာရှိတဲ့ ကိုယ်စွမ်း ကိုယ်စတောင် တုံးသွားနိုင်ပါတယ်။ မသွေးပဲ ပစ်ထားတဲ့ ဓားတစ်လတ်လို ခက်တုံးတုံးဘဝ ရောက်သွားနိုင်တာပေါ့။ ကျောက်ဆိုတာ လှတယ်ဆိုရင်တောင် ရွှေလေးကွပ်မှ ပိုပြီး တင့်တယ်သလို လူတော် လူကောင်းတွေနဲ့ ပေါင်းသင်းနေထိုင်ခြင်းက မိမိဘဝအတွက် အထောက်အပံ့ကောင်း များစွာပေးမှာ မလွဲဧကန်ပင်။

၃။မင်းဒေါသထွက်လာတိုင်း ဖြစ်လာမယ့်အကျိုး ဆက်တွေကို အရင်တွေးကြည့်ထား။ (ကွန်ဖြူးရှပ်)

ဒေါသတွေ ထွက်ပြီဆိုတာနဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တွေးကြည့်ဖူးလား။ ကောင်းတာတွေတော့ တစ်ခုမှ ဖြစ်လာမှာ မဟုတ်တာ အသေအချာပါပဲ။ ထစ်ခနဲရှိ ဒေါသထွက်တက်သူဟာ အမှားများစွာ အလိုလိုနေရင်း ကျူးလွန်နေမိပြီးသား ဖြစ်နေပါလိမ့်မယ်။ ဒေါသစိတ်နဲ့ လုပ်လိုက်လို့ ပြန်ပြင်မရတဲ့ အမှားတွေ အများကြီးပါ။ စိတ်ကြီးတယ်ဆိုတာ ဂုဏ်ယူစရာ တစ်ခုမဟုတ်သလို စိတ်ထင်တိုင်း ပြုမူပြောဆိုခြင်းက သေးသိမ်ညံ့ဖျင်းပြီး မရင့်ကျက်သေးတဲ့သူတွေရဲ့ အပြုအမူတွေမို့ လွယ်လွယ်နဲ့ ဒေါသထွက်တက်တဲ့ အကျင့်ကို ဖျောက်နိုင်အောင့် လေ့ကျင့်ထားသင့်ပါတယ်။

၎။မင်းမျှော်မှန်းထားတဲ့ပန်းတိုင်ဆီ မရောက်နိုင် တော့ဘူး ထင်နေရင် နောက်ထပ် ပန်းတိုင်အသစ်တစ်ခု ပြောင်းပစ်ဖို့ မတွေးနဲ့...မင်းရဲ့ လုပ်ကိုင်ပုံ ခြေလှမ်းတွေကို ပြောင်း ပစ်ဖို့ပဲတွေးပါ။ (ကွန်ဖြူးရှပ်)

လုပ်ငန်းတစ်ခုလုပ်လို့ အဆင်မပြေဘူးထင်တိုင်း နောက်လုပ်ငန်းတစ်ခုကို ပြောင်းလဲဖို့ချည်း စဉ်းစားမနေနဲ့။ ကိုယ်လက်ရှိလုပ်နေတဲ့ လုပ်ငန်းတောင် ဆုံးခန်းတိုင်အောင် မလုပ်နိုင်ရင် နောက်လုပ် မယ့်လုပ်ငန်းလည်း ဒီပုံစံပဲ ဖြစ်နေမှာလေ။ အချိန်တွေက အများကြီးရှိတာမဟုတ်ဘူး။ တစ်ဖြည်းဖြည်းချင်း အကျဘက်ပဲ သွားနေတာ။ ဒီတော့ ပန်းတိုင်းတစ်ခု သက်မှတ်ပြီးရင် ရောက်အောင် သွားဖို့ပဲ စိတ်ကူးပါ။ နောက်ပန်းတိုင်တစ်ခု ထပ်မရွေးနဲ့တော့။ ကိုယ်သွားနေကျ ပန်းတိုင်က ရွေ့လက်စပဲ။ အစကပြန်စနေစရာမှ မလိုတာ။ အဆင်မပြေဘူးထင်ရင် ပုံစံတစ်မျိုး ထပ်ပြောင်းလို့ ရှေ့ကို ဆက်တိုးကြည့်။ မူလစခဲ့တဲ့နေရာထက် ပိုကောင်းတဲ့ အရွေ့တစ်ခုရောက်နေပြီဆိုမှတော့ ပန်းတိုင်ဆိုတာ သိပ်ဝေးတော့မှာ မဟုတ်ပါဘူးနော်။ အစကနေ ပန်းတိုင်အသစ် ပြန်မစချင်ပါနဲ့တော့…။

၅။ မင်းလူတစ်ယောက်ကို မုန်းမိပြီဆို မင်းသူ့ကို  ရှုံးနိမ့်သွားတာပဲ။ (ကွန်ဖြူးရှပ်)

မုန်းမိတယ်ဆိုမှတော့ သူကပေးတဲ့ အမုန်းမီးကို ကိုယ်ကယူလိုက်လို့ပဲလေ။ ပြီးအဲ့ဒီအမုန်းတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် လောင်မှန်းမသိ လောင်ကျွမ်း နေမိတော့တာ။ ဘယ်လိုနှိပ်ကွက်ရမလဲ။ ဘယ်လိုဒုက္ခပေးလိုက်ရမလဲ။ ဘယ်လိုနှောက်ယှက်ရမလဲ စတဲ့ မကောင်းတဲ့ စိတ်တွေနဲ့ပဲ သူ့ကို အနိုင်ယူဖို့ ကိုယ့်စိတ်ကိုယ်ကိုယ် ပြန်ခိုင်းနေရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သက်မိသလို ဖြစ်သွားပါလိမ့်မယ်။ သင်မုန်းနေမိတဲ့ သူကမေ့မေ့ပျောက်ပျောက် ဖြစ်နေရင်တောင် တမြေ့မြေ့နဲ့ ကျိတ်မနိုင်ခဲမရ ဒေါသတွေ အလိတ်လိုက်တက်လို့ မစားနိုင်မသောက်နိုင်နဲ့ အရင်ဦးဆုံး အနှိပ်စက်ခံနေရာမှာက မိမိကိုယ်တိုင်ပဲဆိုတာ သိထားပါ…။ အဲ့တော့ အစကတည်းက သင်အလိုလိုရှုံးနိမ့်နေပြီးသား ဒီထက်ဆက်မုန်းရင်း ဆက်ရှုံးရုံပဲ ရှိမယ်လေ…။မုန်းမနေပါတော့နဲ့…။

၆။တကယ်တော်တဲ့လူတစ်ယောက်က သူ့အပြစ်တွေပဲ သူရှာကြံပြီး ပြုပြင်နေတယ်။ သေးသိမ်တဲ့ လူတစ်ယောက်ကတော့ သူများအပြစ် တွေပဲ ရှာဖွေနေတတ်တယ်။ (ကွန်ဖြူးရှပ်)

တကယ်တော်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ခက်ပါတယ်။ ကိုယ့်အပြစ်ကို ရှာကြံပြီး ပြုပြင်တယ်ဆိုတာ လွယ်တာမှမဟုတ်ဘဲ။ ဒါပေမယ့် သေးသိမ်တဲ့ လူတစ်ယောက် မဖြစ်မိဖို့တော့ ဂရုစိုက်ပြီး နေရပါလိမ့်မယ်။ လူတိုင်းအမှားနဲ့ မကင်းသလို ပြီးပြည့်စုံအောင် တော်တဲ့သူဆိုတာလည်း ရှိမှာ မဟုတ်ပါဘူး။ တစ်ပါးသူရဲ့ ကောင်းကွက်ကိုကြည့်ဖို့ မြင်ဖို့ ခက်ပါတယ်။ မကောင်းတာတွေက မရှာဘဲနဲ့လည်း တွေ့တွေ့နေရတဲ့အခါ လူ့သဘာဝအတိုင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောတက်ကြလေ့ ရှိတာပေါ့။ သူများမကောင်းကြောင်းတွေကို ထိုင်ပြောနေရုံမျှနဲ့ ကိုယ်ကောင်းလာနိုင်မှာ မဟုတ်သလို အပြောခံရသူလည်း ကောင်းလာမှာ မဟုတ်တာ အသေအချာပါပဲ…။ဘာကြောင့် သူတစ်ပါးအပြစ်တွေပဲ မစားရဝခမမ်း ပြောနေမှာလဲ…။ ကိုယ်အပြစ်ကိုပဲ မြင်အောင်ကြည့်တတ်ဖို့ လေ့ကျင့်ပေါ့။ ဒီလိုသာ ကိုယ့်အပြစ်တွေကို ကိုယ်ပြန်ရှာဖွေနေ တက်ပြီ ဆိုရင်တော့ ကိုယ်ကောင်းလာဖို့ အလားအလာ များလာမှာ အသေအချာပါပဲ…။

၇။ဘာအလုပ်ပဲလုပ်လုပ် အဲ့ဒီအလုပ်ကို ချစ်တဲ့စိတ် မွေးမြူပါ။ (ကွန်ဖြူးရှပ်)

လုပ်ငန်းခွင်မှာ ပျော်ဖို့၊ ကျေနပ်ဖို့ဆိုတာ အဲ့ဒီလုပ်ငန်းအပေါ် ချစ်တဲ့စိတ်မရှိဘဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဝါသနာမပါဘူးဆိုပြီး အတင်းတွန်းကန်နေလေ စိတ်ဖိစီးမှုများပြီး လုပ်ငန်းခွင်မှာ အဆင်မပြေ ဖြစ်နိုင်ချေ ပိုများလေပါပဲ။ လုပ်ငန်းတိုင်း အလုပ်တိုင်းမှာ ကိုယ်နှစ်သက်ရာ ကောင်းကွက်လေးတွေလည်း ရှိမှာပါ။ အလုပ်ကို စိတ်ဝင်တစားနဲ့ စိတ်နှစ်ပြီး ကောင်းသည်ထက်ကောင်း အောင် ကြိုးစားကြည့်နေရင် ဝါသနာမပါတောင် အလိုလိုနေရင်း အလုပ်ကို ချစ်တတ်လာမှာပါ။ ကိုယ်လုပ်တဲ့ လုပ်ငန်းတိုင်းကို ချစ်တတ်လာပြီ ဂရုတစိုက် လုပ်တက်လာပြီ ဆိုရင်တော့ အောင်မြင်မှုဆိုတာ ဖိတ်ခေါ်စရာမလိုတော့ဘဲ သင့်ဆီကို အလိုလိုရောက်လာပါလိမ့်မယ်။

၈။ သူတို့တကယ် မသိပါဘူး၊ မတတ်ပါဘူးလို့  လက်ခံသွား ပြီဆိုမှ အဲ့ဒီလူကို လမ်းညွှန်သင်ပြပါ။ (ကွန်ဖြူးရှပ်)

သိသလို တတ်သလိုနဲ့ ငါတကောကောတတ်တဲ့ သူတွေကို တရားချဖို့ မစဉ်းစားပါနဲ့။ သင်တကယ် ကျွမ်းကျင်ပိုင်နိုင်လို့ လမ်းပြတယ်ဆိုဦးတော့ သူတို့မှာ လက်ခံလောက်တဲ့ စိတ်ဓာတ်စိတ်မြတ် မရှိတော့ သင့်ကို မုန်းလာရုံပဲ အဖတ်တင်လာမှာပါ။ ပြုပြင်ပြောင်းလဲ သွားလိမ့်မယ်လို့ လုံးဝမမျှော်လင့်လေနဲ့။ ဒါပေမယ့် မသိမတတ်တာကို လက်ခံလာတဲ့အထိ သင်စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ ပြူပြင်ပြောင်းလဲပေးလို့ ရနိုင်ကောင်းပါတယ်။ တော်ချင် တတ်ချင်သူတွေကတော့ ဘယ်အရာကိုမှ တရားသေစုပ်ကိုင်ထားလေ့မရှိသလို မသိမတတ်တာ မှန်သမျှ ဝန်ခံဖို့လည်း ဝန်မလေးဘူးလေ။ သူတို့တွေကို ကိုယ်တတ်သိတာလေး ဝေမျှပေးလိုက်နိုင်ရင် အလွယ်တကူ လက်ခံလာနိုင်သလို နှစ်ဦးနှစ်ဘက် အကျိုးလည်း ဖြစ်ထွန်းပါလိမ့်မယ်။

၉။မင်းမကောင်းကြောင်းကို မင်းနောက်ကွယ်မှာ ပြောနေပြီဆို မင်းဟာ သူတို့ထက်ရှေ့ရောက်နေလို့ပဲ။ (ကွန်ဖြူးရှပ်)

သေချာတာပေါ့ သင်မကောင်းကြောင်းကို သင်ရဲ့နောက်ကွယ်မှာ ပြောနေသံတွေ ပြန်ကြား နေရပြီဆိုရင် သူတို့ထက် သင်ရှေ့ရောက်နေပြီ ဆိုတာ…။ သေးသိမ်တဲ့ သူတွေရဲ့ အတွေးတွေမှာ အတုယူအားကျလိုစိတ် မရှိဘဲ အပြစ်တင် အပြစ်မြင်ပြီး မနာလိုမရှုစိတ် အမြဲလိုလိုဖြစ်နေတက် ကျတာမို့ အဲဒီပြောစကားတွေအတွက် ရေးကြီးခွင်ကျယ် လုပ်နေစရာ အကြောင်းမရှိပါဘူး။ ကိုယ့်လှမ်းကို မှန်မှန်လျှောက်နေရင်း ခွေဟောင်တိုင်း လှည့်ကြည့်ဖို့ လိုတာမှမဟုတ်တာလေ။

      ချစ်ခင်လေးစားလျက်

No comments:

Post a Comment