Sunday, April 10, 2016

ဝက်​သားဒုတ်​ထိုးလုပ်​နည်း

ဝက်သားဒုတ်ထိုး လုပ်နည်း

ဝက်သားဒုတ်ထိုးကို ကိုယ့်အိမ်မှာကိုယ် အရသာရှိရှိနဲ့ သန့်သန့်လေး လုပ်စားနိုင်ရန် ရေးသားမျှဝေပေးလိုက်ပါတယ်။

(ပါဝင်သောပစ္စည်းများ)

၁။ ၀က်နားရွက်၊ ၀က်လျှာ၊ အူပိတ်၊ ကျောက်ကပ်၊ နှလုံး၊ အသဲ၊ အသား၊ အခေါက် စသဖြင့် ကိုယ်စားချင်တာ အကုန်ထည့်ပါ။ ၁ကီလိုခွဲခန့် ယူပါ။

၂။ ပြုတ်ထားသော ကြက်ဥ ၄လုံး

၃။ ရှာလကာရည်၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ပျားရည်၊ ငံပြာရည်အကြည်၊ ဆီ အားလုံး ထမင်းစားဇွန်း ၃ ဇွန်းစီ

၎။ ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ သကြား၊ တရုတ်မဆလာတို့ကို ထမင်းစားဇွန်း ၁ ဇွန်းစီ

၅။ နာနတ်ပွင့် ၃ ပွင့်၊ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူ သင့်တော်သလောက်၊ ငရုတ်ဆီအကောင်းစား

(၀က်သားဒုတ်ထိုးချက်နည်း)

၁။ နားရွက်နှင့်လျှာကို ဓါးဖြင့်ခြစ်၍ ဆေးပါ။ ကလီစာအစုံနှင့် အသားကို ရေဖြင့်ဆေးပါ။ အူမကြီးနှင့် အူပိတ်ကို ရှာလကာရည်နဲ့ ရေအနည်းငယ်ထည့်ပြီး သေချာဆေးပါ။

၂။ အူမကို ပြောင်းပြန်လှန်ပြီး ဆေးကာ အလပ်အလိပ်ဖြစ်အောင် တူချွန်ဖြင့် ထိုးထားပါ။

၃။ အူချိုကိုလည်း ထိပ်နှစ်ဖက်ကို သွားကြားထိုးတံဖြင့် ထိုး၍ပိတ်ထားပါ။

၎။ ဇလုံးတစ်ခုထဲထည့်ပြီး ဆား၊ သကြား၊ ပျားရည်၊ ကြက်သားမှုန့်၊ ဟင်းချက်ဝိုင်၊ ရှာလကာရည်၊ ခရုဆီ၊ ပဲငံပြာရည်အကြည်နှင့်အနောက်၊ နတ်နတ်ပွင့်တို့ကိုထည့်ပြီး သမအောင်နယ်ပေးကာ ၁နာရီခန့် နှပ်ထားပါ။

၅။ ချက်မည့်အိုးထဲ ဆီအရင်ထည့်တည်ပါ။ ဆီကျက်လျှင် ကလီစာများကို ထည့်ထားပါ။ ရေခန်းပြီး အဆီပြန်လာလျှင် ရေနွေးအနည်းငယ် ရေမြုပ်ရုံ ထည့်ပြီး အဖုံးအုပ်ထားပါ။ မီးအရှိန်မြင့်ထားပါ။

၆။ ရေခမ်းလျှင် အကျက်မြန်သော အသဲ၊ နှလုံး၊ ကျောက်ကပ်၊ လျှာတို့ကို ပုဂံထဲ ဆယ်ထားပါ။ ပြုတ်ထားသောကြက်ဥများကို အခွံခွါပြီးထည့်ပါ။

၇။ ကျန်နေသော အူ၊ နားရွက်၊ စသည်တို့ကို ထပ်ကျက်စေရန် ရေနွေး ထပ်ထည့်၍ မကျက်မချင်း မီးအရှိန်မြင့်၍ ထပ်တည်ပါ။

၈။ ကျက်လာပြီး အဆီပြန်လာလျှင် ပုဂံထဲ ဖယ်ထားသော အသဲ၊ နှလုံးစသည်တို့ကို ရောထည့်ပြီး အားလုံးရောမွှေလိုက်ပါ။

(အချဉ်ရည် ဆော့စ်ပြုလုပ်နည်း)

ကြက်သွန်ဖြူ ၃မွှာ၊ ငရုတ်သီးစိမ်း ၃ထောင့်တို့ကို ရောထောင်းပြီး ပုဂံထဲထည့်၊ ငရုတ်ဆီလောင်းထည့်၊ ဆား၊ သကြား၊ ငံပြာရည်၊ ရှာလကာရည်၊ ထမင်းရည်တို့ကို သင့်တော်သလို ချိန်ထည့်ပါ။

ဝက်သားဒုတ်ထိုး စားလို့ရပါပြီ။ အူများကို အကွင်းလိုက် ပါးပါးလှီးပြီး ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ အချဉ်တို့ဖြင့် တွဲ၍ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

လူမင်းသား(မြန်မာလက်ရာဒံပေါက်) မှ ကူးယူ မျှဝေပါသည်။