Saturday, January 28, 2017

ကြက်​​မောက်​မျိုးပွားခြင်း

ကြက်မောက်ပင် မျိုးပွားခြင်း
===================

(က) အောက်ခံပင်ပျိုးထောင်ရန်အတွက် အစေ့မှ အပင်ဖောက်ခြင်း
အစေ့မှ မျိုးပွားခြင်းသည် စီးပွားဖြစ်ဆောင်ရွက်ရန်အတွက် မဟုတ်ပါ။ အစေ့မှ စိုက်သည့်အပင်မှာ ပန်းပွင့်ရန် ၈-၁၀ နှစ်ကြာပြီး အကိုင်းဆက်အပင်မှာ သုံးနှစ် လေးနှစ်သာ ကြာပါသည်။ အညွန့်အထက်သို့ တည့်မတ်စွာ ထွက်ရန်နှင့် သန်စွမ်းသောအမြစ်များ ဖွံ့ဖြိုးရန်အတွက် အစေ့ကိုပျိုးသောအခါ အစေ့၏ ပြားသောဖက်ကို အောက်ဖက်သို့ လှည့်ထားပြီး အစေ့ကို အလှဲလိုက် အနေအထားဖြင့် ပျိုးထောင်ရပါမည်။ အစေ့နေသက်တမ်း တိုတောင်းသဖြင့် အစေ့ကို အသီးမှ ထုတ်ယူ၍ ရေဖြင့် ကောင်းစွာ ဆေးပြီးလျှင် ပြီးချင်း ပျိုးထောင်သင့်ပါသည်။

အပင်ရွေ့ပြောင်းစိုက်ရာတွင် ဆုံးရှုံးမှုလျော့နည်းစေရန် အစေ့ကို ပျိုးအိုး၊ ပျိုးအိတ် တို့ဖြင့် ထည့်ပျိုးရပါမည်။ အစေ့မှ အပင်ပေါက်ရန် စပျိုးသည်မှ ၁၂-၁၅ ရက်ကြာပြီး စောစောပျိုးသည့် အပင်များမှာ သန်စွမ်ကြီးထွားမှု အကောင်းဆုံး ဖြစ်သည်။ အစေ့များကို ပျိုးဘောင်တွင် ပျိုးထောင်လျှင် စွတ်စိုရန်လိုအပ်ပြီး ရွေ့ပြောင်းစိုက်ပါက ပျိုးပင်တွင် အစေ့ရွက်တွဲလျက် ပါရှိသော အရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးသင့်ပါသည်။ ကောင်းစွာဆွေးသော မြေဆွေး ၅၈%၊ အုန်းဆံမှုန့် ၂၅% နှင့် သဲကြမ်း ၁၇% အရောကို ပလတ်စတစ်ပျိုးအိတ်အထူ ၀.၀၆ မီလီမီတာ၊ အကျယ် ၂၅ စင်မီတာ၊ အလျား ၃၀ စင်တီမီတာ အတွင်းသို့ ထည့်ပြီး ပျိုးပင်များကို ရွေ့ပြောင်းစိုက်ပျိုးရန် ဖြစ်ပါသည်။

ပျိုးပင်များကိုရိပ်ကျဲစတွင်သုံးလခန့်ထားပြီးအကိုင်းမဆက်မီနေရောင်အောက်တွင် ထားရှိရပါမည်။ ၆-၈ လခန့် ကြာသောအခါ ပျိုးပင်များကို ပါးချင်းအပ် ကိုင်းဆက်ရန် အတွက် အဆင့်သင့်ဖြစ်ပြီး ဖြစ်သည်။ ပျိုးပင်တစ်ပင်အတွက် တစ်လလျှင် ထည့်ပေးရမည့် ဓာတ်မြေသြဇာနှုန်းထားမှာ N:P:K (၁၂း၁၇း၂) ၁၀ ဂရမ် သို့မဟုတ် ကြက်ချေးဆွေး ၅၀ ဂရမ် ဖြစ်ပါသည်။

သင့်တော်သော ကြီးထွားဖွံ့ဖြိုးမှုအဆင့်ရောက်နေပြီး ပျိုးခင်းမှ ပြောင်းရွေ့ စိုက်ပျိုးခြင်း မပြုသေးပါက မြေကြီးအောက်မှ ရေသောက်မြစ်ကိုဓားဖြင့် ထိုးသွင်းဖြတ်ပေးခြင်းဖြင့် အပင်မှ ရွေ့ပြောင်းစိုက်ပျိုးရာတွင် အသေအပျောက် နည်းစေပါသည်။ အမြစ်ဖြတ်ခြင်းဖြင့် သိပ်သည်းသောမြစ်ပွားများ ဖွံ့ဖြိုးမှုဖြစ် ရန် အားပေးပါသည်။ ရွေ့ပြောင်းပြီး ပျိုးပင်များကို အရိပ်အောက်တွင် ထားရှိပြီး ပုံမှန်ရေလောင်းပေးရန် လိုအပ်ပါသည်။

#Pissaya_Info
Source by - လယ်/ဆည်

No comments:

Post a Comment