(၁) စိုက်ပျိုးနည်း။ ပဲစင်းငုံသည် မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေတို့တွင် ကောင်းစွာပေါက်ရောက်ဖြစ်ထွန်းသည်။ နုန်းမြေစေး ၌ ပိုမို သန်စွမ်းသည်။ မြေကို အခြားယာသီးနှံများ စိုက်ပျိုးသည့်နည်းတူ ထယ်ထိုးထွန်ယက်ပြီး ပင်ပြန့်ဖြစ်လျှင် တစ်ပင်နှင့်တစ်ပင် (၄ပေမှ ၆ပေ)၊ ပင်ထောင် ဖြစ်လျှင်(၄ပေ)ပတ်လည် (သို့မဟုတ်) ကန့်လန့်ဖြတ် (၄ပေ) နှင့် (၃ပေ) ထွန်ကြောင်းများစုံရာ၌ တစ်ကျင်းလျှင် (၂စေ့ မှ ၃စေ့)ထည့်ပြီး မြေကိုဖုံးအုပ်ရမည်။ အပင်ပေါက်စုံသည့်အခါ သန်မာသည့် တစ်ပင်ကိုသာချန်၍ ကျန်အပင်များကို နှုတ်ပစ်ရသည်။ (၂) သီးညှပ်စိုက်ပျိုးခြင်း။ တစ်တန်းနှင့်တစ်တန်း (၆)ပေ သို့မဟုတ် (၄)ပေကွာ စိုက်ပျိုးထားသည့် ပဲစင်းငုံပင်ပြန့်၊ ပင်ထောင်သက်ကြီး မျိုးများ အတန်းအတွင်း၌ မိုးဦးနှမ်းလျင်၊ ပင်ထောင်မြေပဲ၊ နှံစားပြောင်း၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း တို့ကို စိုက်ပျိုးနိုင်ပါသည်။ ပဲစင်းငုံအတန်း ကြား၌ သီးနှံအမျိုးအစားလိုက်၍ (၃)တန်းမှ (၅)တန်းအထိ စိုက်ပျိုးနိုင်ပါသည်။
(၃) အပင်ပြုစုခြင်း။ ပဲစင်းငုံအပင်ကလေးများ (၂၅-၃၅)ရက်သားအတွင်းပေါင်းမြက်ရှင်းပေးပါက အထွက်နှုန်းသိသာစွာ တိုးမည်ဖြစ်ပါ သည်။ အချို့ဒေသတွင် မြေတွင်းအောင်းပိုးများရှိတတ်သည်။ သီးထောင့်ထိုးပိုး၊ ဗိုင်းရပ်စ်ရောဂါနှင့် ပင်ညှိုးရောဂါများ ကျရောက်မှုများ တတ်ပါသည်။ အချိန်မီ ကြိုတင်ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။
(၄) ရိတ်သိမ်းခြင်း။ ပဲစင်းငုံရင့်မှည့်လျှင် သီးတောင့်များ အ၀ါရင့်ရောင် (သို့မဟုတ်) အညိုရောင် ပြောင်းလာပါသည်။ တစ်ခင်းလုံးရှိ ပဲစင်းငုံအသီးများ ဤအခြေအနေရောက်လာလျှင် ဒေသ၊ ရေ။မြေ နှင့် ပဲစင်းငုံမျိုးအလိုက် အပင်ကို နှုတ်၍သော်လည်းကောင်း၊ ခုတ် ၍သော်လည်းကောင်း ရိတ်သိမ်းနိုင်ပါသည်။ ပဲစင်းငုံမျိုးနှင့် စိုက်ပျိုးပုံစနစ်အရ တစ်ဧကမှ (၁၀-၂၂)တင်း ထွက်နိုင်ပါသည်။
No comments:
Post a Comment