Saturday, January 28, 2017

မင်းကွတ်​မျိုးပွားခြင်း

မင်းကွတ်ပင်မျိုးပွားခြင်း
================

(က) အစေ့မှမျိုးပွားခြင်း

အစေ့များကို စွတ်စိုသော မီးသွေး သို့မဟုတ် ရေမှော်ဆွေး(peat moss) နှင့် လေလုံသောပုံးတွင် အခန်းအပူ ချိန် (ပတ်ဝန်းကျင်အပူချိန်) တွင် သိုလှောင်ထားလျှင်လည်းကောင်း၊ အသီးအတိုင်းထားရှိလျှင်လည်းကောင်း၊ အပင်ပေါက်နှုန်းကို မထိခိုက်ဘဲ သုံးပတ်လေးပတ် ထားရှိနိုင်ပါသည်။ အလေး ချိန် တစ်ဂရမ်ထက်ပိုသော အစေ့ကို ရွေးချယ်ပျိုးထောင်ခြင်းဖြင့် ပိုမိုကောင်း မွန်သော ပျိုးပင်ကိုရရှိစေပါသည်။ အစေ့ကို ပျိုးမထောင်မီ ၂၄ နာရီခန့် ရေစိမ် ပါ။ ရေစီးစိမ့်မှုကောင်းပြီး သစ်ဆွေးဓာတ်များသည့် ပျိုးမြေ(medium) တွင် ပျိုးပါ။ ဤပျိုးမြေမှာ အပေါ်ယံမြေ(သဲဆန်သောနုန်းမြေစေး) ကို သဲနု၊ အုန်းဆံ မှုန့်၊ စားအုန်းဆီ အသီးကြိတ်ဖတ်၊ အခြောက်ခဲ မြေဆွေး သို့မဟုတ် အခြား သင့်တော်သော သစ်ဆွေးမြေတို့ကို မြေကြီး၊ သစ်ဆွေး၊ မြေ၊ သဲကို ၃း၂း၁ အချိုး ရောစပ်ခြင်းဖြင့် ရရှိပါသည်။ ၁၀-၁၅ ရက်အတွင်း အပင်ပေါက်ပါသည်။
အရွက်နှစ်ရွက်ထွက်ရှိချိန်တွင် အပင်ကို ရွေ့စိုက်ပါသည်။ အစေ့ တစ်စေ့မှ အပင် နှစ်ပင် သို့မဟုတ် ရှားရှားပါးပါး သုံးပင်ထွက်လာသည့် အပင်များမှာ အစေ့တစ်စေ့မှ အပင်တစ်ပင်ထွက်သည့်အပင်ထက် ကျုံလှီသဖြင့် ၎င်းအပင် များအား ဖယ်ရှားသင့်သည်။

အပင်များကိုရွေ့ပြောင်းစိုက်ရာတွင် ရေသောက်မြစ် မပျက်စီးရန် ဂရုစိုက်ပါ။ ၎င်းကာလတွင် ရေသောက်မြစ် ဖွံ့ဖြိုးမှု အားကောင်း၍ ဖြစ်သည်။ အစောပိုင်း အဆင့်များတွင် သန်စွမ်းသော ပျိုးပင်များကို ရွေးချယ်ပါ။ သန်စွမ်းသော ပျိုးပင်များမှာ ရှင်သန်မှု သေချာပါသည်။

ထိုင်းနိုင်ငံတွင်တစ်နှစ်သားပျိုးပင်များကိုစိုစွတ်သည့်သဲဆန်သော နုန်းမြေစေး၊ထည့်ထားပြီး အလျားမြင့်သော ပလတ်စတစ်အိတ်ကြီးနှင့် ၀ါးခြင်းများအတွင်း စိုက်ပျိုးပြီး အပင်အမြင့် တစ်မီတာရောက်သည်အထိ ထားရှိပါသည်။ ပျိုးပင် များကို အကြမ်းခံနိုင်ရန် ကျင့်ပေးပြီး (hardened) ပါက စိုက်ခင်းတွင် စိုက်ပျိုးရန် အဆင့်သင့်ဖြစ်ပြီး ဖြစ်ပါသည်။

(ခ) အပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း

အောက်ခံပင်မှာ အဓိကအားဖြင့် မင်းကွတ်မျိုး (G.mangostana) ဖြစ်ပြီး အခြားမျိုးစိတ်များမှာ ရရှိရန် မလွယ်ကူပါ။ မြေကြီး၊ သစ်ဆွေး၊ မြေ၊သဲ တို့ကို ၃း၂း၁ အချိုးအတိုင်း ရောစပ်ထားသည့် ပျိုးမြေကို အပေါက်ဖောက်ထားသည့် ၂၅×၃၅ စင်တီမီတာအရွယ် ပလတ်စတစ်အိတ်အတွင်း ပျိုးထောင်ပါ။ ကိုင်းဆက်ရန် သင့်တော်သော အရွယ်ရရှိအောင် ပျိုးအိတ်အတွင်း နှစ်နှစ်ခန့် ထားရှိရပါမည်။ပျိုးပင်များကိုအရိပ်ပေးခြင်း၊ဓာတ်မြေသြဇာပုံမှန် ကျွေးခြင်းနှင့် ရေပုံမှန်သွင်းခြင်းများ လိုအပ်ပါသည်။

(မင်းကွတ်ရိုင်းနှင့် တောင်သလဲမျိုးကို အောက်ခံပင်အဖြစ် အသုံးပြုနိုင်ပါ သည်။)

#Pissaya_Info
Source by - လယ်/ဆည်

No comments:

Post a Comment