Wednesday, November 25, 2015

ကြာဇံချက်

ကြာဇံချက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြာဇံ၊ ကြက်နားရွက်မှိုခြောက်၊ ပန်းခြောက်၊ ပဲခြားခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ သံပုရာသီး၊ ငရုတ်သီးအကျက်မှုန့်၊ ချင်း၊ ငါးဖယ်ခြစ်၊ ကြက်သား၊ ငုံးဥ၊ ငရုတ်သီးအရောင်မှုန့်၊ နနွင်းမှုန့်အနည်းငယ်၊ ဆား၊ သကြား၊ ငံပြာရည်၊ ကြက်သားမှုန့်နဲ့ ဆီအနည်းငယ်တို့ပါနော်။

ကြာဇံရယ်၊ ကြက်နားရွက်မှိုရယ်၊ ပန်းခြောက်ရယ်ကို ဇလုံတစ်လုံးထဲစီထည့်ပြီး ရေစိမ်ပေးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံနွှာ၊ ရေဆေးပြီး ရေစစ်ပေးထားပါ။ ကြက်သားကိုလည်း ရေနဲ့ သန့်စင်အောင် ဆေးပြီး အသားတွေချည်းရအောင် လှီးယူပါ။ ပြီးရင်တော့ ကြက်ရိုးတွေကို ဆား၊ သကြားနဲ့ နယ်ထားပြီး ရေထည့်၊ ချင်းလေးတွေကို ခြစ်ထည့်ပြီး အရိုးပြုတ်ရည်အိုး အရင်တည်ပေးပါ။ အရိုးပြုတ်ရည် တည်ထားတဲ့အချိန်မှာ ကြက်သားတွေကို ခပ်သေးသေးအတုံးလေးတွေလှီးပြီး ဆား၊ သကြား၊ ငံပြာရည်တို့နဲ့ နှံ့အောင်နယ်ထားပေးပါ။ ကြက်ရိုးပြုတ်ကို ကြာကြာတည်နိုင်လေ အချိုရည်ထွက်လေပါပဲနော်။ ကြက်ရိုးပြုတ် ရပြီဆိုရင်တော့ ငုံးဥလေးတွေ ပြုတ်ပြီး ကျက်ရင် အအေးခံပြီး အခွံနွှာပေးထားပါ။ ကြက်ရိုးပြုတ်အရည်ကို ငှဲ့ယူ၊ ကြက်ရိုးတွေကို ထောင်းပြီး ရေနဲ့ငှဲ့ပြီး အရည်စစ်ယူပြီး အရိုးတွေကို ဖယ်ရှားပစ်ပါ။
ငါးဖယ်မထောင်းခင် ငရုတ်ဆုံထဲကို ချင်းရယ်၊ ကြက်သွန်ဖြူလေးရယ် အရင်ထောင်းပေးပါ။ ချင်းကြက်သွန်ဖြူ မညက်တညက်အချိန်လေးမှာ ငါးဖယ်ကို ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ အရသာရှိအောင် ငါးဖယ်ထောင်းတဲ့ အချိန်မှာ ဆား၊ သကြားတို့ကို ထည့်ပြီး ထောင်းပေးပါ။ ထောင်းရင်းနဲ့ စေးပိုင်လာပြီဆိုရင်တော့ ငါးဖယ်တွေကို ငရုတ်ဆုံထဲကနေ ဆယ်ယူပြီးတော့ ပန်းကန်ထဲ ထည့်ပါ။ ငါးဖယ်လုံးတဲ့အခါ လက်မှာ စေးကပ်မနေအောင် ရေပန်းကန်လုံးတစ်လုံးလည်း ပြင်ပေးထားပါ။ ပြီးတော့မှ ရေလေးဆွတ်ပြီးတော့မှ ငါးဖယ်လုံးလေးတွေ လုံးပေးပါ။

ကြွက်နားရွက်မှိုခြောက်ကို သန့်စင်အောင် အထပ်ထပ်ရေဆေးပြီးတော့မှ အရွယ်တော်လေးတွေ ရအောင် လှီးဖြတ်ထားပေးပါ။ ပန်ေးခြာက်ကိုတော့ အလယ်က ၀တ်ဆံတိုင်တွေ ဖယ်ရှားပစ်ပြီး အထုံးလေးတွေ ထုံးပေးထားပါ။ ပဲပြားလိပ်ကိုလည်း ဆယ်ယူထားပြီး အရွယ်တော်လေးတွေဖြတ်ပေးပါ။ ကြာဇံကိုလည်း ရေထဲကဆယ်၊ လေးလက်မအရှည်လောက် ကတ်ကြေးလေးနဲ့ ဖြတ်ပေးထားပါ။ ကြက်သွန်နီတွေထဲက တစ်ဝက်ကို လေးစိတ်ထိုးပေးထားပြီး ကျန်တစ်ဝက်ကို အလုံးလိုက်လေးတွေ ထားပေးပါ။ ပြီးရင် ချင်း၊ ကြက်သွန်ဖြူနဲ့ လေးစိတ်ထိုးထားတဲ့ ကြက်သွန်နီတို့ကို ငရုတ်ဆုံထဲထည့်ထောင်းပေးပါ။ ချင်းကို အရင်ထောင်း၊ ချင်း ညက်ပြီဆိုရင် ကြက်သွန်ဖြူထောင်း၊ ပြီးမှ ကြက်သွန်နီထည့်၊ ပြီးတော့ ငရုတ်သီးအရောင်မှုန့်လေး နည်းနည်းထည့်၊ မျက်လုံးမစပ်ရအောင်ရော၊ အညက်မြန်ရအောင်ရော ဆားလေးနဲ့ သကြားလေးနည်းနည်းစီထည့်ပြီး ထောင်းပေးပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင် မီးဖိုပေါ်ဒယ်အိုးတင်၊ ဆီထည့်၊ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန် တွေထည့်ပြီး ဆီသတ်ပါ။ ဆီသတ်နံ့မွှေးလာပြီဆိုရင်တော ကြက်သွန်နီအလုံးလိုက်လေးတွေကိုထည့်ပြီး မွှေ၊ ပြီးရင့် ကြက်သားတွေထည့်ပြီး အားလုံးသမအောင်မွှေပြီး အဖုံးအုပ်ပေးထားပါ။ ကြက်သားဆီပြန်လာပြီဆိုရင် ငါးဖယ်လုံးလေးတွေကိုထည့်ပြီး ဆီသတ်ပါ။ ပြီးရင်တော့ ပန်းခြောက်ရယ် မှိုခြောက်ရယ် ပဲပြားလိပ်ရယ်ကို ဟင်းအိုးထဲ ထည့်ပြီး အားလုံးသမအောင် မွှေပေးပါ။ ပြီးရင် အဖုံးအုပ်ပြီး ၃ မိနစ်လောက်တည်ပေးပါနော်။ ပြီးရင်တော့ ကြာဇံတွေထည့်ပြီး အားလုံးသမအောင်မွှေပြီး တည်ပေးပါ။ ကြာဇံထည့်ပြီး ၃ မိနစ်လောက် တည်ပေးပြီးရင်တော့ ကြက်ပြုတ်ရည်တွေထည့်၊ ဆား၊ သကြားအနည်းငယ်နဲ့ ကြက်သားမှုန့်တို့ကိုထည့်ပြီး ဟင်းအိုးဆူတောင်တည်ပေးပါ။ ဟင်းအိုးပွက်ပွက်ဆူပြီဆိုရင်တော့ ငုံးဥထည့်၊ ပြီးတော့ ငရုတ်ကောင်းမှုန့်လေး ခပ်လိုက်ပါဦးနော်။ ပြီးရင် အပေါ့အငံမြည်း၊ လိုအပ်တဲ့အရသာထပ်ဖြည့်လိုက်ပါနော်။

စားပွဲပေါ်မှာတော့ နံနံပင်လေးတွေညှပ်ထားတာရယ်၊ သံပုရာသီးစိတ်လေးတွေရယ်၊ ငံပြာရည်ပန်းကန်လေးရယ်၊ ငရုတ်သီးအကျက်မှုန့်ပုလင်းလေးရယ်၊ ငရုတ်ကောင်းမှုန့်ဗူးလေးရယ် တန်းစီပြီး ပြင်ထားပါနော်။ စားတတ်ရင် ကြက်သွန်နီအစိမ်းကို ပါးပါးလေး၊ ရေနဲ့စိမ်ဆေးပြီးတော့ (အနံ့မွှန်တာ သက်သာချင်ရင် ကြက်သွန်နီအစိမ်းကို လှီးပြီးတဲ့အခါ ရေခဲရေနဲ့ စိမ်ပြီးတော့မှ ဆေးပါ၊) ရေစင်အောင် ညှစ်ပြီး ဇကာလေးနဲ့ ထည့်ပေးထားနော်။

စားပွဲပြင်ရအောင်နော်။ ပန်းကန်ထဲကို ကြာဇံချက်လေးခပ်ထည့်ပါ၊ ပဲပြားခြောက်၊ မှိုခြောက်၊ ပန်းခြောက်၊ ငါးဖယ်လုံး၊ ကြက်သွန်နီ၊ ငုံးဥ၊ ကြက်သား အားလုံးပါအောင် မျှမျှတတလေး ခပ်ယူပါနော်။ ပြီးတော့မှ နံနံပင်လေးထည့်၊ ငရုတ်သီးမှုန့်လေး၊ ငံပြာရည်လေးထည့်၊ သံပုရာသီးစိတ်လေးညှစ်ပြီးထည့်၊ ငရုတ်ကောင်းမှုန့် လေးထည့်ခပ်ပြီး သုံးဆောင်ပါနော်။ ကြာဇံချက်ဆိုတဲ့အတိုင်း ဆီသတ်ချက်ထားတာမို့ သုံးဆောင်တဲ့အခါ သည်းမသွားအောင် သတိထားပြီး သောက်ပါနော်။

ကြာဇံချက်ချက်ပေးပါလို့ တောင်းဆိုတဲ့ တူမလေးကတော့ အဖြူထည်လေး သောက်ပါတယ်၊ သူ့ကို အကြောင်းပြပြီးတော့ တစ်အိမ်လုံးတော့ ကြာဇံချက်စားလိုက်ရတာပေါ့နော်။
ကြာဇံချက်နဲ့ တွဲဖက်သုံးဆောင်တာကတော့ ပြည်ကြီးငါး ကျောက်ပွင့်သုပ်ပါနော်။ (အဲ့ဒီအသုပ်ကိုတော့ နောက်တစ်ခါကျရင် ထည့်ရေးပေးပါမယ်ေ

No comments:

Post a Comment