Wednesday, November 25, 2015

ရေခူ ​​ဆေးဘဲဥသုပ်

ရေခူ ​​ဆေးဘဲဥသုပ်

ရေခူ (Jelly Fish) ကို  Junction Center မှာတွေ့တော့ မောင်နှမတွေ အတွက် ဆန်းဆန်းပြားပြားလေး လုပ်ကျွေးလို့ ရအောင်လို့ ဝယ်ခဲ့မိတယ် …

အသုပ်အတွက် ပြင်ဆင်ဖို့ ရေခူကို ရေအေးနဲ့ အနည်းဆုံး (၅) နာရီကနေ (၈) နာရီထိ စိမ်ပေးပါ။ အဲ့ဒီလို စိမ်တဲ့ အခါမှာလည်း အခါအခွင့်သင့်ရင် ၂ နာရီခြား တစ်ခါလောက် ရေအသစ်လဲပြီး စိမ်ပေးပါနော် ... အဲ့ဒီလို စိမ်ပေးခြင်းဖြင့် ရေခူမှာ ကပ်နေတဲ့ သဲတွေနဲ့ အနံ့တွေ ထွက်သွားစေတယ်နော် ...

သုပ်ခါနီးကျရင် ရေနွေး ပွက်ပွက်ဆူအောင် တည်ထားတဲ့ အိုးထဲကို ရေခူကို ထည့်ပြီး ၃ မိနစ်လောက် ထည့်ပြီး အဖုံးအုပ်ထားပါ။ အဲ့ဒီလိုအချိန်မှာ ရေခူက ပွတက်လာပြီး အတွန့်လေး၊ အလိပ်လေးတွေ ကျောက်ခက်လို ဝေဝေဖြာဖြာ ထွက်လာတာ တွေ့ရမယ်။ ပြီးတော့ ငါးခြောက်နံ့လို အနံ့တွေ ပြုတ်ရည်ထဲ ပါသွားမယ်၊ သဲတွေ ပါသွားမယ်နော်၊ ပြီးတော့မှ ရေနွေးပူထဲကနေ ရေခူကို ပြန်ဆယ်၊ ပြီးတော့ ရေအေးနဲ့ ပြန်ဆေးပြီး တစ်လက်မ အရှည်လောက်လေးတွေ ဖြတ်ပေးထား၊ ဇကာထဲ ထည့်စစ်ထားပါနော်။

ရေခူချည်းပဲ နည်းနေမှာစိုးလို့ ကျွန်မ ဆေးဘဲဥလေးတွေပါ ထည့်သုပ်လိုက်တာပါ … ဆေးဘဲဥ မထည့်လည်း ရပါတယ်။ ဆေးဘဲဥလေးတွေ အခွံနွှာပြီး အစိတ်လေးတွေ ရအောင် လှီးပေးထားပါ။

ရေခူသုပ်အတွက် ကြက်သွန်ဖြူ၊ နီတို့ကို အခွံနွှာ၊ အနီကို ပါးပါးလှီး ရေဆေးပြီး ရေစစ်ထား၊ အဖြူနဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီးပေး၊ တရုတ်နံနံ / မြန်မာနံနံ နည်းနည်းလှီးထည့်၊  ကြက်သွန်မြိတ်ထည့်ဖို့ ပြင်ထား။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ တရုတ်နံနံ အရိုးတို့ကို မညက်တညက် ထုထောင်းပြီး ရလာတဲ့ paste ကို ပန်းကန်လုံးလေး တစ်ခုထဲကိုထည့်၊ ပြီးရင် ဆားအနည်းငယ်၊ သကြား အနည်းငယ်၊ အရသာမှုန့် အနည်းငယ်၊ ပဲငံပြာရည် အပျစ်အကျဲ နှစ်မျိုးလုံးကို ရေနွေးလေးနဲ့ စပ်ဖျော်ပြီး မွှေလိုက်နော်၊ ပြီးတော့ သံပရာရည် ရွှဲရွှဲလေး ညှစ်ပြီးတော့ ထပ်မွှေထား၊ အနံ့လေး ပိုကောင်းသွားရအောင်လို့ နှမ်းဆီမွှေးလည်း တစ်စက်နှစ်စက်ပေါက်ထည့်။

အားလုံး အသင့်ဖြစ်ရင် ဇလုံ တစ်လုံးထဲကို အဆာပလာတွေထည့်၊ ရေခူထည့်၊ ဆေးဘဲဥထည့်၊ ပြီးတော့ ဖျော်ထားတဲ့ အရသာရည်တွေ အားလုံးနဲ့ သမအောင် ရောမွှေလိုက်ပါနော် ... အဲ့ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ချိုချဉ်ငံစပ်မွှေး ရေခူ ဆေးဘဲဥသုပ်လေး ရပါပြီနော် ... အပေါ်ကနေ ကြက်သွန်ကြော်နဲ့ နှမ်းစေ့ ဖြူးဖို့ မေ့သွားလို့ မောင်နှမတို့ ကြိုက်တတ်ရင် ထည့်လိုက်ပါဦးလို့နော်

No comments:

Post a Comment