ကြက်သားမုန်ညင်းချဉ်ချက်လေး မျှဝေပေးပါရစေဦးရှင်
လိုအပ်တဲ့ပစ္စည်းတွေက ကြက်သား ရင်ပုံသား(၂၅) ကျပ်သား၊ မုန်ညင်းချဉ် (၅) ကျပ်သား၊ ကြက်သွန်ဖြူ (၇) မြွှာ၊ ကြက်သွန်နီ အရွယ်တော် (၂) လုံး၊ ငရုတ်သီးပုပွတောင့် (၃) တောင့်၊ ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း (၁) ဇွန်း၊ ဆားအနည်းငယ်၊ သကြားအနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ ပဲငံပြာရည်အပျစ် (ကြာညို့) လက်ဖက်ရည်ဇွန်း (၁) ဇွန်း၊ ဆီ ဟင်းမွှေဇွန်းကြီး (၁) ဇွန်းတို့ပါနော်။
ကြက်သားကို သန့်ရှင်းအောင်ဆေးပြီး အတုံးသေးလေးတွေ တုံးပေးပါ။ ပြီးရင် ကြက်သားမှုန့်၊ ဆား၊ သကြား၊ ပဲငံပြာရည်အကျဲတို့နဲ့ သမအောင်နယ်ပေးပါ။ ငရုတ်သီ၊ ကြက်သွန်ဖြူနီတို့ကို ထောင်းပါ။ မုန်ညင်းချဉ်ကိုလည်း အရမ်းချဉ်မှာစိုးရင် နည်းည်းလောက် အရည်ညှစ်ပစ်ပြီးတော့မှ မထူးမပါးလေးတွေ လှီးပေးထားပါ။
အားလုံးအသင့်ဖြစ်ရင် ဆီအိုးတည်၊ ဆီပူလာရင် ငရုတ်သီးကြက်သွန်ထောင်းထားတာကို ထည့်ပြီး ဆီသတ်၊ မွှေးလာရင် ကြက်သားထည့်၊ သမအောင် မွှေ၊ ပြီးရင် အဖုံးအုပ်ပြီး အသားထဲက ထွက်တဲ့ အရည် ခမ်းအောင်တည်၊ ဟင်းအိုးဖျစ်ဖျစ်မြည်လာရင် မုန်ညင်းချဉ်ထည့်ပြီး သမအောင်မွှေ၊ ရေကို အသားမြုပ်အောင် ထည့်၊ အဖုံးအုပ်ပြီး မီးအသင့်အတင့်နဲ့ ပွက်ပွက်ဆူအောင်တည်၊ ဆီကျန်ရေကျန်လေးဖြစ်တဲ့အချိန်ကျ အဖုံးဖွင့်၊ အရသာ အပေါ့အငန်ကို မြည်း၊ ပဲငံပြာရည် အပျစ်လေးထည့် (အရသာအချိုလေးပြီး ဟင်းရောင် ပိုလှတယ်) ပြီး မီးခလုပ်ပိတ်ပြီး အဖုံးလေးအုပ်ပြီး နှပ်ထားလိုက်ရုံပဲနော့့် 
အရမ်းလွယ်တဲ့ ဟင်းလေးပါ။ ကြိုက်တတ်ရင် ရှမ်းခေါက်ဆွဲဖတ်တွေနဲ့ ရှမ်းခေါက်ဆွဲသုပ်၊ မြီးရှည်သုပ် အလွယ်တကူ သုပ်စားလို့ရပါတယ်။ ဟင်းအဖြစ်လည်း စားလို့ရပါတယ်နော့့်  ချက်စားကြည့်ကြပါဦးလို့
Wednesday, November 25, 2015
ကြက်သားမုန်ညင်းချဉ်ချက်
Labels:
cook
Subscribe to:
Post Comments (Atom)
No comments:
Post a Comment